ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသ

ကလိန်အောင် မေ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လဲ့က လူငယ်လူရွယ်ကလေးများအား မိုးရာသီတွင်ဖြစ်ပွားတက်‌သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မဖြစ်ပွားမီ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ စွန့်/မြှပ်၊ ရှင်း၊ မှုတ် စကားလုံးအရှည်ကောက်၏အဓိပ္ပါယ်များကို ရှင်းလင်းခြင်း၊ ရေကန်၊ ရေစည်၊ ရေပုံး၊ ရေအိုးစသည်များတွင် အဘိတ်ဆေးခတ်ရခြင်း၊မိမိတို့ မိသားစုဝင်များအပြင် အိမ်နီးချင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ဆေးခန်းများတွင် အမြန်ဆုံးပြသ၍ ကုသမှုခံယူရန် ရှင်းလင်းပြောကြားကာ လူငယ်လူရွယ်ကလေးများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေး/ဆင်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ပိုးလောက်လန်းနှိမ်နင်းရေး အသိပညာပေးနံရံကပ်ကို ပြသရာ လူငယ်လူရွယ်က‌လေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)