ဟားခါး နိုဝင်ဘာ ၉
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသော အချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့်ယာဉ် နောက်လိုက်များ လိုက်နာဆောင်ရွက် နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား Swab နမူနာစစ်ဆေးခြင်းကို ကျန်းမာရေးအကာအကွယ် ဝတ်စုံများ စနစ်တကျဝတ်ဆင်၍ အောက်တိုဘာလ ၉ ရက်နေ့မှစတင်၍ ဟားခါးမြို့အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စတင်စစ်ဆေးခဲ့ရာ ယမန်နေ့အထိ မော်တော်ယာဉ် အစီးရေ စုစုပေါင်း(၇၆၃)စီး၊ Swab နမူနာစစ်ဆေးသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း ဦးရေ (၁၂၀၉)ဦးအထိရှိလာကြောင်း ချင်းပြည်နယ် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်ထံမှ သိရသည်။
အဆိုပါ Swab နမူနာစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် Swab နမူနာစစ်ဆေးပြီး Positive အဖြေရသူ (၃)ဦးရှိခဲ့ကြောင်း၊ Swab နမူနာစစ်ဆေးခြင်းကို ခရီးသွားပြည်သူများအနေဖြင့် ကြည်ဖြူစွာစစ်ဆေးမှု ခံယူနိုင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့အတွက် ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် ပူးပေါင်းအဖွဲ့များက အနီးကပ်စောင့်ကြည့် ကြပ်မတ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Swab နမူနာ စစ်ဆေးပြီး Negative အဖြေရသူများကိုသာ ဝင်ထွက်သွားလာ ခွင့်ပြုမည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးပြီး Positive အဖြေရသူရှိခဲ့လျှင် ဟားခါးပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင် ဆေးကုသမှုခံယူ စေမည်ဖြစ်ကြောင်း၊ ဟားခါးမြို့ အဝင် စစ်ဆေးရေးဂိတ်တွင် နံနက်ပိုင်း(၉)နာရီမှ (၁၁)နာရီအထိ၊ ညနေပိုင်း(၂)နာရီမှ (၄)နာရီအထိ အချိန် နှစ်ပိုင်းခွဲ၍ ဆက်လက် စစ်ဆေးသွား မည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးပြီး Negative အဖြေရသူများကိုသာ (Swab Negative Certificate) ထောက်ခံစာ မြို့တွင်းဝင်ထွက်သွားလာခွင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ Swab နမူနာ(၁)ကြိမ်စစ်ဆေးလျှင် ငွေကျပ် (၁၀၀၀၀) ပေးဆောင်ရမည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေး လျှင် စစ်ဆေး Negative (သို့မဟုတ်) Positiveသိရှိနိုင်ရန် (၂၅)မိနစ်နှင့် မိနစ်(၃၀)ကြာမြင့်ကြောင်း၊ ကျန်းမာရေးစစ်ဆေးခြင်းကို လိုက်နာမှုမရှိသူများအား မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီထံမှ သိရသည်။
အောင်ခွီရှိန်း၊ခရိုင်(ပြန်/ဆက်)