ထားဝယ် မေ ၂၂
တနင်္သာရီတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းကော်မတီများ၏ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ယနေ့အချိန်အခါသည် မုတ်သုံရာသီဖြစ်သောကြောင့် ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် အားအလွန်ကောင်းသောမုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ကြောင်း၊ လေဘေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးတွင်ကျွန်းများရှိသောကြောင့် စိုးရိမ်ဖွယ်ရာမရှိကြောင်း၊ မုန်တိုင်းနှင့်ပတ်သက်၍ပင်လယ်အတွင်းရှိသော ငါးဖမ်းစက်လှေများ၊ ခရီးသွားလာသူများအနေဖြင့် အန္တရာယ် ကြုံလာနိုင်ကြောင်း၊ တိုင်းဒေသကြီးသည်မိုးများသောဒေသဖြစ်သောကြောင့် မြေပြိုမှုများ၊ တာတမံများပြိုကျပြီး အသက်အန္တရာယ်ရှိနိုင်ကြောင်း၊ အထူးသဖြင့်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကျွန်းများရှိ ဆောက်လုပ်ထား သောအိမ်များရေလွှမ်းပြီး ပြိုကျမှုများကြုံလာနိုင်ကြောင်း၊ မီးဘေးနှင့်ပတ်သက်၍ ထားဝယ်နှင့်မြိတ်မြို့များတွင် သာဓကများစွာရှိခဲ့ပြီး မီးဘေး၊ လေဘေးအား ဂရုစိုက်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍မဖြစ်ခင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ဖြစ်ပွားနေစဉ်ကာလအတွင်းကယ်ဆယ်ရေးလုပ်ငန်းများ၊ ဖြစ်ပြီးပါကပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်သည် သဘာဝအလျောက်ဖြစ်ပေါ်လာသည့်အတွက် တားဆီး၍မရနိုင်သောကြောင့် ဌာနဆိုင်ရာများအနေဖြင့် ကြိုတင်ပြင်ဆင်သတိပေးချက်များ၊ ကာကွယ်ရမည့်နည်းလမ်းများ၊ ကြိုတင်စီမံရမည့်လုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး၊ သတင်းနှင့်ပြန်ကြားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာစီမံခန့်ခွဲမှု၊ ရှာဖွေကယ်ဆယ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လုံခြုံရေး၊ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များဆန်းစစ်ဖော်ထုတ်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပြန်လည်ထူထောင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေးစသည့် လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းဆွေးနွေးတင်ပြရာ ကော်မတီဝင်များက ကြိုတင်ပြင်ဆင်ရမည့်နည်းလမ်းများ၊ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ မဖြစ်ခင်ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများအား ဆွေးနွေးခဲ့ကြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)