ပူတာအို နို၀င်ဘာ ၁၀
နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝေးလံခေါင်ဖျားနယ်စပ်ဒေသများ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပူတာအိုခရိုင်အတွင်းရှိ မချမ်း ဘော့မြို့နယ်နှင့်နောင်မွန်မြို့နယ် အခြေခံပညာကျောင်းများတွင် အသုံးပြုရန် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း များထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယခုလပထမပတ်တွင် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှသိရသည်။
ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲတွင် ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးက အခြေခံပညာ ကျောင်းများအတွက် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာ ကျောင်း အုပ်ကြီးများထံ စနစ်တကျလွှဲပြောင်း ထောက်ပံ့ပေးအပ် ခဲ့သည်။
အဆိုပါ ထောက်ပံ့မှုအနေဖြင့် မချမ်းဘော့မြို့နယ်ပညာရေးမှူးရုံးတွင် အထက-ခွဲ(နမ့်ခမ်း)၊ အထက-ခွဲ (ထရန်ဒမ်း)၊ အလက (အလန်ဂါး)စာသင်ကျောင်းသုံးကျောင်းအတွက် ကွန်ပျူတာသုံးစုံ၊ ပရင်တာသုံးလုံး၊ မီးစက် သုံးလုံး၊နောင်မွန်မြို့နယ် ပညာရေးမှူးရုံးတွင် အထက-ခွဲ(ရပ်ဘော့)၊ အလက(ဂါတ်ထု) စာသင်ကျောင်း နှစ်ကျောင်းအတွက် ကွန်ပျူတာနှစ်စုံ၊ ပရင်တာနှစ်လုံး၊ မီးစက်နှစ်လုံးနှင့် နောင်မွန်မြို့နယ်ရှိ အမကကျောင်း (၂၀)ကျောင်းအတွက် ဆိုလာနှင့်ဆက်စပ်ပစ္စည်းအစုံ(၂၀)တို့ကို နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိူးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ပူတာအို ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးက ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဖုန်ကန်(ပြန်/ဆက်)