တနင်္သာရီတိုင်းဒေသကြီးတွင် နွေရာသီကိုယ်လုံပညာ(လက်ဝှေ့)သင်တန်းဖွင့်ပွဲကျင်းပ

တနင်္သာရီ မေ ၂၃

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသူ/သားများ အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်၊ လက်ဝှေ့အားကစားမှတစ်ဆင့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်နိုင်ရန်၊ မျိုးဆက်သစ်လက်ဝှေ့သမားများပေါ်ထွန်းလာစေရန်၊ လူငယ်များအချင်းချင်း အပြန်အလှန်ပေါင်းသင်းဆက်ဆံတတ်စေရန်၊ အစုအဖွဲ့များတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန်နှင့် ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးပြည့်စုံသည့်လူငယ်များဖြစ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကိုယ်လုံပညာ(လက်ဝှေ့)သင်တန်းဖွင့်ပွဲအခမ်းအနားကို မေလ၂၀ ရက်နေ့ နံနက်၉နာရီ၃၀အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။

၎င်းသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိတ်ဖက်ဌာနဆိုင်ရာအကြီးအကဲများ၊ လက်ဝှေ့နည်းပြများနှင့်သင်တန်းသူ/သား(၂၂)ဦးတို့ တက်ရောက်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းတို့က အမှာစကား ပြောကြားပေးကြသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်ချက်အရ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးပြီး သင်တန်းနည်းပြ ဦးသန့်ဇင်ဝင်းက သင်တန်းစည်းကမ်းများနှင့် စာတွေ့/လက်တွေ့လက်ဝှေ့ပညာသင်ကြားပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပေးသည်။

အဆိုပါ ကိုယ်လုံပညာ(လက်ဝှေ့) သင်တန်းတွင် သင်တန်းသူ/သား(၂၂)ဦးတို့ တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ မေလ(၂၀မှ၃၀)ရက်အထိ (မေလ၂၂ ရက်-ဗုဓ္ဒနေ့) မပါဘဲ (၁၀)ရက်ဖြစ်သည်။ စာတွေ့ဘာသာရပ်များကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း သင်ကြားပေးမည်ဖြစ်၍ လက်တွေ့ဘာသာရပ်ကို မြို့နယ်အားကစားခန်းမအတွင်း လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)