ကျွန်းစု မေ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကို မြို့ဦးသံသရာအေးစေတီတော်၊ မြန်မာအေးဓမ္မာရုံ၌ ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကျွန်းစုမြို့၊ အမှတ်(၃)ရပ်ကွက် သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဝိသိဌ အမှူးပြုသော ဆရာတော်သံဃာတော်များ၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်လင်းဇော်နှင့် အရာရှိ/စစ်သည်မိသားစုဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ယောဂီဝတ်ရွတ်အသင်းအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ နမောဒဿသုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ဘဒ္ဒန္တဝိသိဌထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခြင်း၊ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ သံသရာအေးကျောင်းတိုက် ဓမ္မာရုံပြင်ဆင်စရိတ် ငွေ ၅၁၃၇၀၀ ကျပ်အား ဂေါပကအဖွဲ့ဝင်တစ်ဦးထံ ထောက်ပံ့လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထိုနောက် ဆရာတော်ဘဒ္ဒန္တဝိသိဌ အမှူးပြုသော ပင့်သံဃာတော်(၅၀)ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းအမျိုးမျိုးတို့ကို စီတန်းလောင်းလှူခဲ့ကြပြီး သံသရာအေးမြို့ဦးစေတီတော်ကုန်းပေါ်ရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)