ကော့သောင်းမြို့တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံနေ့ အခမ်းအနားပြုလုပ်

ကော့သောင်း မေ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အ.ထ.က(၁) ကျောင်း၊ မြတ်ရတနာခန်းမတွင်ပြုလုပ်ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် မိဘအုပ်ထိန်း သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်မှ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အမျိုးသားပညာရည်မြင့်မားရေးကို အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိ‌သည်ဟု ခံယူရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံပညာ‌ရေးစနစ် သင်ကြားသင်ယူမှု မြင့်မားလားပြီး ပညာရေးခေတ်မီဖွံ့ဖြိုးတိုးတက် မြင့်မားစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်း၊ အမျိုးသားမဟာဗျူဟာစီမံကိန်း NESP နှင့် ပညာရေး စေတနာရှင်များက ပူးပေါင်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ပညာရေးမှူးဦးကျော်ငွေမှ ကျောင်းအပ်နှံရေးကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး အခမ်းအနားရုပ်သိမ်းခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့တို့က ကျောင်းအပ်လက်ခံနေမူများအား လိုအပ်သည်များ ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)