ကျွန်းစုမြို့တွင် (၆၆) ကြိမ်မြောက် ပျားရည်ဆွမ်းလောင်းလှူပွဲ စည်းကားစွာ ကျင်းပ

ကျွန်းစု မေ ၂၃

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာအုပ်စု၊ ထိန်ချောင်း‌ကျေးရွာရှိ အောင်တော်မူသာသနာ့ရိပ်သာကျောင်းတိုက်၌ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသည့် (၆၆)ကြိမ်မြောက် ပျားရည်ဆွမ်းလောင်းလှူပွဲကို ယနေ့ (၁၃၈၆)ခုနှစ်၊ ကဆုန်လပြည်နေ့ နံနက်ပိုင်းတွင် စည်းကားစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျားရည်ဆွမ်းလောင်းလှူပွဲ ကျင်းပရာတွင် အောင်တော်မှုသာသနာ့ရိပ်သာကျောင်းတိုက်၊ ဆရာတော်ဘဒ္ဒန္တဣန္ဒောဘာသ (မဟာကမ္မဌာနစရိယ)မှ ဦးဆောင်၍ သံဃာတော်(၂၁၃)ပါး၊ ရှင်သာမဏေ(၁၃)ပါး၊ သီလရှင်(၂၉)ပါး၊ စုစုပေါင်း(၂၅၅)ပါးတို့က ကြွရောက်လာသည့် လမ်းတစ်လျှောက်တွင် ကျွန်းစုမြို့၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ကျော်လင်း‌ဇော်နှင့်  အရာရှိ/စစ်သည် မိသားစုဝင်များ၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးအောင်စန်းဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ကျွန်းစုမြို့၊ ကတ္တလူ ကျေးရွာ၊ ထိန်ချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပျားရည်ဆွမ်းလောင်းလှူသည့် အလှူရှင်များက ပျားရည်ဆွမ်းကို စီတန်းစောင့်ဆိုင်းကာ လောင်းလှူခဲ့ကြသည်။

ထို့နောက် ရေစက်သွန်းချအမျှပေးဝေခြင်း အခမ်းအနားအား အဆိုပါကျောင်းတိုက်ရှိ ဇေယျာသီရိဓမ္မာရုံ၌ ဆက်လက်ပြုလုပ်ခဲ့ရာ ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ (မဟာကမ္မဌာနစရိယ)မှ ပျားရည်ဆွမ်းလောင်းအလှူရှင်များအား  ငါးပါးသီလခံယူ ဆောက်တည်စေခဲ့ကာ ပျားရည်ဆွမ်းလောင်းလှူရခြင်းနှင့် ပတ်သက်၍ အနုမောဒနာတရား ဟောကြားချီးမြှင့်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခြင်းများ ပြုလုပ်ခဲ့ကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍  ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပျားရည်ဆွမ်းလောင်းပွဲအတွက် ပျားရည်လောင်းလှူလိုသည့် အလှူရှင်များက ကျေးရွာရှိ ဥယျာဉ်ခြံအတွင်း ပျားအုံတို့မှ ရရှိသည့် ပျားရည်များကို ကြိုတင်၍ ဝယ်ယူစုဆောင်းပြီး သံဃာတော်များအား နှစ်စဉ် လောင်းလှူလျက်ရှိကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)