မြိတ် မေ ၂၄
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ KG မှ Grade-12 ကျောင်းသား/သူများကို မြိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်နှံရေး သီတင်းပတ် ပထမရက် မေ(၂၃)ရက်မှ စတင်ကာ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ မိဘအုပ်ထိန်းသူများက မိမိတို့၏ ကလေးငယ်များအား ကျောင်းများတွင် လာရောက်အပ်နှံလျက်ရှိကြသည်။
“ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကျောင်းနေအရွယ်ကလေးငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရရှိရန်၊ ကျောင်းအပ်နှံရေး အခွင့်အလှမ်းများရရှိပြီး ကျောင်းတက်နှုန်း၊ ကျောင်းနေနှုန်း မြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ဆောင်ရွက်ရေး ရည်ရွယ်ချက်ဖြင့် ကျောင်းအသီးသီး၌ ကျောင်းအပ်နှံလက်ခံ ဆောင်ရွက်ပေးလျက် ရှိကြသည်။
ထိုသို့ ကျောင်းအသီးသီး၌ မိဘအုပ်ထိန်းသူများက ကျောင်းသား/သူများအား အတန်းအလိုက် ကျောင်းလာရောက်အပ်နှံနေမှုအား ဒုတိယမြို့နယ်ပညာရေးမှူး ဦးလင်းယန်အေး၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ မြိတ်မြို့နယ်အနေဖြင့် အထက်တန်းကျောင်း(၁၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၈)ကျောင်း၊ အလယ်တန်းကျောင်း(၁၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၉)ကျောင်း၊ မူလတန်း လွန်ကျောင်း(၂၄)ကျောင်း၊ မူလတန်းကျောင်း(၇၃)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၈)ကျောင်း ရှိသည်။
မြိတ်မြို့နယ်အတွင်းရှိ ကျောင်းအသီးသီးတွင် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလ မေလ(၂၃)ရက်မှ ဇွန်လ(၂)ရက်အထိ KG မှ Grade-12 ကျောင်းသား/သူများကို အတန်းစဉ်အလိုက် ကျောင်းအပ်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ KG မှ Grade-5 မူလတန်းအဆင့် ကျောင်းသား/သူများကို ကျောင်းဝတ်စုံ(၁)စုံ၊ ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ Grade-6 မှ Grade-12 အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/သူများကို ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များကို အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)