တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအခမ်း အနားသို့ တက်ရောက်

ထားဝယ်  မေ  ၂၄

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာရှေးဦးစွာ တိုင်းရင်းသားများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်လျက်ရှိသောကရင်၊ မွန်၊ ထားဝယ်၊ မော်ကယ်(ဆလုံ)စသည့် ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေးနစ်နာဆုံးရှုံးမှုများ၊ လိုအပ်ချက်များကို ပွင့်လင်းမြင်သာစွာတင်ပြဆွေးနွေးနိုင်ရေးနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပြီး လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း၊ အဖွဲ့များမှ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ၊ ကိုးကွယ်သည့်ဘာသာသမိုင်း အမွေအနှစ်တို့ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဘဏ္ဍာရန်ပုံငွေကို သာမာန်အသုံးစရိတ်တွင် ၃၈၂ သန်းကိုလည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ငွေလုံးငွေရင်း အသုံးစရိတ်တွင် ကျပ်သန်း ၂၅၀ လျာထားထည့်သွင်းပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်း သားဘာသာစာပေသင်ကြားရေး အထောက်အကူပြုဆရာ/မများ (Teaching Assistant- TA) နှင့် တိုင်းရင်းသားစာပေသင်ဆရာ/မများ (Language Teacher- LT) ကို ခန့်အပ်ရာတွင် အထောက်အကူပြုသင်တန်း/ဆွေးနွေးပွဲတက်ရောက်ပြီးမှသာ ခန့်ထားသည့်ပညာရေးဝန်ကြီးဌာန၏ မူဝါဒအရတိုင်းရင်း သားဘာသာစာပေသင်ဆရာ/မများအနေဖြင့် သင်တန်းများ မပျက်မကွက်တက်ရောက်နိုင်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်ပေးစေကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ တိုင်းရင်းသားကိုယ်စားလှယ်များက မိမိဒေသ၊ မိမိရပ်ရွာတည်ငြိမ်အေးချမ်းရန် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ မိမိ၏စကား၊ စာပေ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းမြှင့်တင်ရေးကိစ္စရပ်များ၊ ဒေသအသီးသီးရှိ တိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သော လူမှုစီးပွား ဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာကိစ္စရပ်များနှင့် လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးကြရန်လိုအပ်ကြောင်း၊ ဆွေးနွေးပွဲမှရရှိလာသည့်ရလဒ်ကောင်းများကို အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့၏ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် မိမိတို့အနေဖြင့် ကျရာအခန်းကဏ္ဍမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့် အနေဖြင့်ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးတိုင်းရင်းသားကိုယ်စားလှယ် ဦးတင့်လွင်က ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အလုပ် ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တိုင်းရင်းသားများက ပြည့်ရတနာသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာသောတိုင်းရင်းသား ကိုယ်စားလှယ်များအား ရင်းရင်းနှီးနှီးလိုက်လံနှတ်ဆက်သည်။

ဆွေးနွေးပွဲတွင် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ မွန်၊ ကရင်၊ ထားဝယ်၊ မော်ကယ်တိုင်းရင်းသားကိုယ်စားလှယ်များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များတို့က တိုင်းရင်းသားဒေသ ဖွံ့ဖြိုးကဏ္ဍ၊ တိုင်းရင်းသားဒေသများတွင် ရင်ဆိုင်ကြုံတွေ့ရသည့် အခက်အခဲနှင့်စိန်ခေါ်မှုများ၊ တိုင်းရင်းသားများ၏ သက်မွေးဝမ်းကျောင်း ပညာရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို အုပ်စုများဖွဲ့၍ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)