မြိတ်မြို့တွင် ကြက်ခြေနီ အသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မြိတ်   မေ   ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကြက်ခြေနီ အသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်ကြက်‌ခြေနီအသင်းခွဲရုံးတွင် ယမန်နေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့် အမှာစကားပြောကြားသည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ Ms. Cherine Pollini, Head of South East Sub-Structure နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဆွေးနွေးပွဲကို စတင်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ကြက်ခြေနီသမိုင်းကြောင်းနှင့် လှုပ်ရှားမှုအဖွဲ့ဝင်များ၏ အခန်းကဏ္ဍများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအကြောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ ကြက်ခြေနီအခြေခံမူ(၇)ချက်၊ ကြက်ခြေနီ အမှတ် အသားအကြောင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ လှုပ်ရှားမှုနှင့် အသင်း၏ အခြေခံကျင့်ဝတ်များ၊ အန္တရာယ်ကင်းစွာ သွားရောက်လုပ်ကိုင်ခြင်း မူဘောင်စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေပွဲသို့ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီနှင့်ဘုတ်ပြင်းမြို့နယ်များမှ ကြက်ခြေနီအသင်းခွဲ အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး မေလ(၂၃)ရက်မှ(၂၅) ရက်အထိ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)