ဘုတ်ပြင်းမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် အဆောက်အဦများ ပြိုကျပျက်စီး

ဘုတ်ပြင်း   မတ်  ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ယမန်နေ့ ညနေ (၆) နာရီခွဲ ခန့်က ဘုတ်ပြင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရွှေဘုံရပ်ကွက် ရာဇဓိရာဇ်လမ်းရှိ မြို့မအားကစားကွင်း အထူးတန်းပွဲကြည့်စင် အဆောက်အဦ သွပ်မိုးများ ဒိုင်းမြှားများနှင့်အတူ ပြိုကျပျက်စီးခြင်း၊ ရွှေဘုံသာရပ်ကွက်ရှိ ဦးဇော်မင်းနိုင်၏ လူနေအိမ်ပေါ်သို့ အုန်းပင်လဲကျကာ နေအိမ်အမိုးများပျက်စီးခြင်း၊ မြို့နယ် လ.၀.ကရုံး အဆောက်အဦ၏အရှေ့ တံစက်မြိတ်တစ်ခြမ်းပေါ်သို့ ညောင်ပင်လဲကျခြင်း၊ ရတနာလမ်းသွယ်(၁)လမ်းနှင့်(၂)လမ်းရှိ တယ်လီဖုန်းကြိုးများပေါ်သို့ သစ်ပင်လဲကျခြင်းများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်  လူနှင့်တိရိစ္ဆာန်များ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ပျက်စီးသွားသည့် လူနေအိမ်နှင့်အဆောက်အဦများအား မြို့နယ် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များက လူနေအိမ်နှင့်အဆောက်အဦများ ရှင်းလင်းခြင်းများနှင့် ဆုံးရှုံးမှု တန်ဖိုးများ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သန်းထွန်းဦး(ပြန်/ဆက်)