သရက်ချောင်း မေ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း လူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က သရက်ချောင်းမြို့၊ အခြေခံပညာအထက်အတန်းကျောင်းတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာဝင်းဇော်ဦးနှင့် ဆရာ/ဆရာမက အသက်(၁၅)နှစ်အထက်၊ (၁၃)နှစ်မှ (၁၅) နှစ်အုပ်စု၊ (၆)နှစ်မှ (၁၃)နှစ်အုပ်စုမှ ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ဆုချီးမြှင့်ခြင်း၊ သင်တန်း တက်ရောက်လာကြသည့် ကျောင်းသား/သူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းနှင့် အမှတ်တရ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို နွေရာသီကျောင်းပိတ်ရက်အတွင်း လူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အသက်(၁၅)နှစ် အထက်၊ (၁၃) နှစ်မှ (၁၅) နှစ်အုပ်စု၊ (၆)နှစ်မှ (၁၃)နှစ်အုပ်စုအလိုက် ခွဲခြား၍ ကျောင်းသား၊ ကျောင်းသူများအား အာဟာရအကြောင်း သိကောင်းစရာ၊ အစာအုပ်စု(၃)အုပ်စု၊ အစာအမျိုးအမည် စုံလင်အောင် စားသုံးခြင်း၊ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကာကွယ်ဆေးအကြောင်း သိကောင်းစရာ၊ ကျန်းမာရေးနှင့် ညီညွတ်သော အပြုအမူများ၊ ကိုယ်လက်လှုပ်ရှားမှုနှင့် ကျန်းမာရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်၊ တစ်ကိုယ်ရေ သန့်ရှင်းရေးစသည့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို ဧပြီလ ၂၄ ရက်မှ မေလ ၂၄ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ဆွေးနွေးပို့ချပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)