တနင်္သာရီ မေ ၂၅
၂၀၂၄ခုနှစ်၊ ဇွန်လ(၅)ရက်မှာ ကျရောက်မည့်(၅၁)ကြိမ်မြောက်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့ အထိမ်းအမှတ်အကြို မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တော ဦးစီးဌာနမှကြီးမှူး၍ မိဘပြည်သူများအနေဖြင့် သစ်ပင်သစ်တောများ၏တန်ဖိုးကို အလေးထားသိရှိနားလည်ပြီး၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ရာသီဥတု ကောင်းမွန်စေရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို မေလ ၂၅ ရက်နေ့ နံနက် ၇ နာရီ၃၀ အချိန်က ဆင်ခြေဖုန်းကျေးရွာ အုပ်စု-အောက်ကင်းအရှေ့ကျေးရွာ- ပြည်ထောင်စုလမ်းမကြီးနံဘေး နေရာတွင် ပူးပေါင်းအဖွဲ့များက တပျော်တပါးစည်ကားစွာ ပါဝင်ဆင်နွဲစိုက်ပျိုးပေးကြကြောင်း သိရှိရသည်။
၎င်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ နှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်း မှတပ်ရင်းမှူး၊ အထက-တနင်္သာရီမှ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/ သူများ စုစုပေါင်းအင်အား(၂၀၀)ဦးခန့်တက်ရောက်ကြသည်။
ရှေးဦးစွာ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူထံ စိုက်ပျိုးမည့်ကံ့ကော်ပျိုးပင် များကို မြို့နယ်သစ်တောဦးစီးဌာနမှတောအုပ် ဦးဆင့်မျိုးအောင်ကပေးအပ်ပေးသည်။
ဆက်လက်၍မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်အောင်၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်း၊ ဒုတိယမြို့နယ် ပညာရေးမှူးတို့ထံ တောအုပ်ဦးဇေယျာမိုးနှင့်ဦးမောင်မောင်တို့က ပျိုးပင်များကိုပေးအပ်ကြသည်။
ထို့နောက် အမှတ်(၂)စစ်နယ်မြေမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ/မများ-ကျောင်းသူ/သားများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့်တို့က သစ်ပင်စိုက်ပျိုးရန် ကြိုတင်သတ်မှတ်ထားသည့်နေရာ အသီးသီးတွင်သစ်ပင် စိုက်ပျိုးပွဲတော်ကို တပျော်တပါးပါဝင်ဆင်နွဲ့ စိုက်ပျိုးပေးကြကြောင်း သိရှိရသည်။
ယနေ့သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပျဉ်းကတိုး(၈၅)ပင်၊ ကံ့ကော်(၅၀)ပင်၊ မဟော်ဂနီ(၉၁) ပင်နှင့်စိန်ပန်းပင်(၅၀)ပင်၊ ခရေပင်(၇၁)ပင် စုစုပေါင်း ပျိုးပင်(၃၄၇) တိတိကို မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၏ပေါင်းစပ်မှုဖြင့် တပျော်တပါးပါဝင်ဆင်နွဲ့ စိုက်ပျိုးပေး ကြကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)