ဟားခါး နိုဝင်ဘာ ၁၁
(၃၂)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားတွင် ချင်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ကြသည့် အရာထမ်း၊အမှုထမ်း ဝန်ထမ်းများအား အခြေခံ စားသောက်ကုန်များနှင့် အနွေးထည်များထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဟားခါးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံများနှင် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားပြီးနောက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ဆက်လက်ကျင်းပရာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဦးတိုးဝင်းနှင့် ညွှန်ကြားရေးမှူးများက အခြေခံစားသောက်ကုန်များနှင့် အနွေးထည်များ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ဝန်ထမ်းများက လက်ခံခဲ့ကြသည်။
ထို့နောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက ပြည်နယ်အတွင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် မိမိလုပ်ငန်းတာဝန်များကို စနစ်တကျ ဆောင်ရွက် ကြရန်မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
အဆိုပါ အခြေခံစားသောက်ကုန်များထောက်ပံ့ရာတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဌာနအတွင်းရှိ ဝန်ထမ်းတစ်ဦးလျှင် ဆန်(၈)ပြည်၊ ဆီ(၁)ဗူး၊ဆား(၁)ထုပ်၊ ဆပ်ပြာ(၁)ခဲ နှုန်းဖြင့် အရာထမ်း၊ အမှုထမ်း(၂၄၈)ဦးအတွက်လည်းကောင်း၊ အနွေးထည်အင်္ကျီကို ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းအမှုထမ်းဝန်ထမ်းအာလုံးနှင့် ဟားခါးခရိုင်နှင့် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံခန့်ခွဲရေးဝန်ထမ်းများ စုစုပေါင်း(၃၆၈)ဦး အတွက် တစ်ဦးလျှင် တစ်ထည်နှုန်းဖြင့် လည်းကောင်း စုစုပေါင်း တန်ဖိုးငွေကျပ် (၆၉၇၇၀၀၀) ရှိကြောင်း သိရှိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)