မိုးညှင်း ဖေဖော်ဝါရီ ၂၄
မိုးညှင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန၌ကျင်းပသည်။
ယခုဖွင့်လှစ်သည့် သင်တန်းသို့ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း သင်တန်းသား (၃၀) ဦး တက်ရောက်မည်ဖြစ်ပြီး၊ သင်တန်းကာလ (၃) ရက်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အယူအဆနှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု၊ ကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးစေရေး နည်းလမ်းများ၊ ပတ်ဝန်းကျင် စီမံခန့်ခွဲရေး၊ ဘေးအန္တရာယ်နှင့် ဖွဲ့ဖြိုးရေး ဆက်စပ်ပုံ၊ သဘာဝဘေးနှင့် ကျန်းမာရေး၊ ရှေးဦးသူနာပြုစုနည်း၊ မီးဘေးအန္တရာယ်၊ ရှာဖွေကယ်ဆယ်ရေး၊ ရပ်ရွာ အခြေပြု စီမံခန့်ခွဲမှု စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက အဖွင့် အမှာစကား ပြောကြားပြီး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုင်းထွန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ မိုးညှင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ယခုဖွင့်လှစ်သည့် သင်တန်း အပါအဝင် တစ်ခရိုင်လုံးအတိုင်းအတာအရ (၇) ကြိမ်မြောက် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး သင်တန်း သား/သူ (၁၈၀) ဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အခြေခံသင်တန်းများ ပို့ချသင်ကြား ခဲ့ပြီးဖြစ်ကြောင်း အဆိုပါရုံးမှသိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)