ဟားခါးမြို့၌ ရိုးရာခေါင်ရည်အဖြစ် အဓိက ထုတ်လုပ်သည့် ဆန်၊စပါးထက် အာဟာရဓာတ် ပိုမိုမြင့်မားသည့် ဆပ်နီကို ပထမဆုံးအကြိမ် စမ်းသပ်စိုက်ပျိုး

ဟားခါး  နိုဝင်ဘာ ၁၁

ချင်းပြည်နယ်တောင်ပိုင်းတွင် ရိုးရာခေါင်ရည်အဖြစ်အဓိက ထုတ်လုပ်ပြီး ဆန်၊ စပါးထက် အာဟာရဓာတ် ပိုမိုမြင့်မားသည့် ဆပ်နီကို ဟားခါးမြို့၌ ပထမဆုံးအကြိမ် စမ်းသပ်စိုက်ပျိုးခဲ့ရာ ဟားခါးမြို့၏ ရေမြေ၊ ရာသီဥတု နှင့်ကိုက်ညီမှု ရှိကြောင်း သိရှိရသည်။

ဟားခါးမြို့တွင် ဆပ်နီစတင်စိုက်ပျိုးခဲ့သည့် တောင်သူ ဦးရွန်ကျုံးနုံက “ကျွန်တော်က ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက်မှာ နေပါတယ်၊ ဒီဆပ်နီကို ပထမဆုံးစမ်းသပ်ပြီး ၃ဧကလောက် မျိုးစေ့ တစ်ဗူးခွဲလောက်ပဲစိုက်ပျိုးပါတယ်၊ ဟားခါးမှာတော့ ပထမဆုံးအကြိမ်ပါ၊ မေလမှာ စစိုက်ပါတယ်၊ တစ်ခါစိုက်ရင် သုံးကြိမ်အထိ ပေါင်းသင်ပေးရပါတယ်၊ တော်တော်အောင်မြင်ပါတယ်၊ ဒီထက်ပိုမို တိုးချဲ့စိုက်ပျိုးသွားဖို့ရှိပါတယ်၊ ဟားခါးက တောင်သူတွေစိုက်ပျိုးဖို့အားပေးပါတယ်၊ ဟားခါးရာသီဥတု၊ ရေမြေနှင့် ကိုက်ညီမှု ရှိတာကို တွေ့ရပါတယ်၊ အခုစိုက်တာ အားလုံးကို လာရောက်လေ့လာစေချင်ပါတယ်၊ တရုတ် စတဲ့ပြည်ပ နိုင်ငံတွေမှာလည်း ဗီတာမင်တအားကောင်းလို့ စားသောက်ဝယ်ယူကြတယ်လို့ သိရပါတယ်၊ ချင်းပြည်နယ် တောင်ပိုင်းမှာ အဓိကစိုက်ပျိုးကြပြီး ရိုးရာခေါင်ရည်တွေ၊ ဝိုင်တွေပြုလုပ်ပြီး စျေးကွက်မှာရောင်းချနိုင်တဲ့အတွက် ဝင်ငွေကောင်းတယ်လို့ သိရပါတယ်၊ အဲ့ကြောင့် ကျွန်တော်လဲ စိုက်ပျိုးသလိုမျိုး ဟားခါးမှာရှိတဲ့တောင်သူတွေကို စိုက်ပျိုးကြဖို့ အားပေးချင်ပါတယ်” ဟု ပြောပြခဲ့ပါတယ်။

အဆိုပါ ဆပ်နီကို ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့တွင် အဓိကစိုက်ပျိုးခဲ့ပြီး ရိုးရာခေါင်ရည်နှင့် ဆပ်နီကောက်ရိုးများကို ရိုးရာပြာရည်ပြုလုပ်၍ ရိုးရာပြာဟင်းများချက်ပြုတ်ရာတွင် အသုံးပြုခဲ့ကြသည်။

ဆပ်နီစိုက်ပျိုးရာတွင် နွေကုန်မိုးဦးကာလ မေလတွင် စတင်စိုက်ပျိုးကြပြီး ဆောင်းတွင်းကာလ၌ ရိတ်သိမ်း လျက်ရှိကြောင်း၊ ဆပ်နီ၏ အာဟာရဓါတ်ပါဝင်မှုမှာ ဆန်၏ အာဟာရဓာတ်ပါဝင်မှုထက် ပိုမိုမြင့်မားကြောင်း သိရှိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)