ကျွန်းစု မေ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ရပ်ကွက်၊ ကျေးရွာများ၌ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ရပ်ကွက်၊ ကျေးရွာများအတွင်း အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်မည်ဖြစ်ရာ အဘိတ်ဆေးခပ်မှုမပြုလုပ်ခင် ဆောင်ရွက်ရမည့် အချက်များနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာရဲမင်းဦးက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေးအတွက် မိုးရေတင်ကျန်နိုင်သည့် ဘူး၊ ခွက်၊ တာယာအဟောင်းများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ ရေပုံး၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခပ်ပေးခြင်းနှင့် အဘိတ်ဆေးများကို ဖြန်ဝေ ပေးမည်ဖြစ်ပြီး အသုံးပြုပုံများနှင့် အသိပညာပေးနိုင်ရေး၊ ခြင်ကိုက်မှု မခံရရေး၊ ခြင်မပေါက်ပွားနိုင်စေရေး၊ ပြီးခဲ့သည့်နှစ်က ရောဂါဖြစ်ပွားမှုအခြေအနေတို့ကို ဆွေးနွေးပြောကြားခဲ့ကာ တက်ရောက်လာသူများအား ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)