ပုသိမ် ဖေဖော်ဝါရီ ၂၄
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့တွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ချောင်းသာဇုန်၏ ၂၀၂၀ - ၂၀၂၃ အဋ္ဌမအကြိမ် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက SWEN HOTEL ၌ကျင်းပခဲ့သည်။
ဆက်လက်ပြီး အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ ကော်မရှင်နှင့် အမှုဆောင်အဖွဲ့ဝင်များမှ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ ရွေးချယ်ခဲ့ကြရာ၊ ဥက္ကဋ္ဌဦးမင်းကျော်ဦး ဟိုတယ်လုပ်ငန်းရှင် (Grand Hotel Chaung Tha) ပါ အလုပ်အမှုဆောင် ၁၁ ဦးကို ရွေးချယ်တင်မြှောက်ခဲ့သည်။
၎င်းနောက် ဥက္ကဋ္ဌ ဦးမင်းကျော်ဦး က အမှာစကားပြောကြားရာတွင် မိမိတို့ဟိုတယ်ဇုန်၏ ဥက္ကဋ္ဌ တာဝန်ကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော ဦးကျော်ခိုင် MD Golden Beach Hotel အား အမှုဆောင် ရွေးချယ်တင်မြှောက်ရေး ကော်မတီများရှေ့တွင် အသင်း၏နာယကအဖြစ် ဆက်လက်ဆောင်ရွက် ပေးပါရန် ပြောကြားရာ ကော်မရှင်မှ အသင်းသားများ၏ သဘောဆန္ဒကိုရယူပြီး သဘောတူဆုံးဖြတ်၍ နာယက တာဝန်ကို ဆက်လက်ထမ်းဆောင်ပေးပါရန် အတည်ပြုဆုံးဖြတ်ပြီး ဦးမင်းကျော်ဦး က ယခင်ဥက္ကဋ္ဌ ဦးကျော်ခိုင်၏ အမှုဆောင်သက်တမ်းတစ်လျှောက်တွင် ချောင်းသာဇုန်၏ ဖွံ့ဖြိုးတိုးတက် မှုကိုငွေအား၊ လူအား၊ အကြံဉာဏ်အားဖြင့် ဆောင်ရွက်ခဲ့မှုကို လေးစားဂုဏ်ယူ မှတ်တမ်းတင်ပါကြောင်းနှင့် မိမိတာဝန်ယူမည့် ကာလတစ်လျှောက်တွင်လည်း ယခင်ဥက္ကဋ္ဌ နည်းတူကြိုးစား ဆောင်ရွက် သွားပါမည် ဖြစ်ကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အမှုဆောင်သစ် ရွေးချယ်ပွဲသို့ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ ဗဟိုအမှုဆောင် ရွေးချယ်တင်မြှောက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မိုးကြည်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ချောင်းသာဇုန်ရှိ ပုသိမ်၊ ချောင်းသာတို့မှ ဟိုတယ် လုပ်ငန်းရှင်များ၊ အထွေထွေမန်နေဂျာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ မောင်မောင်မြင့်(ပြန်/ဆက်)