ပုလောမြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ

ပုလော  မေ  ၂၈

ပုလောမြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပုလောအမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား/သူများက ကျောင်းအပ်နှံကြပါစို့‌ တေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ ပုလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေး မိဘဆရာကျောင်းသား ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပုလောမြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းဌေးက ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့ ဆောင်ပုဒ်နှင့်အညီ အသက်(၅)နှစ်ပြည့်ပြီးသူ ကလေးများနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး မည်သည့်ခွဲခြားမှုမှ မရှိစေရေး၊ မည်သည့်တစ်ဦးတစ်ယောက်မှ မကျန်ရှိစေရေးအတွက် ကျောင်းအပ်နှံကြရန် တိုက်တွန်းစကားပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့  ပုလောမြို့နယ်အုပ်ချုပ်‌ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းယုမေနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ကျောင်းသူများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

နီနီထွန်း(ပုလော)