ရေဖြူ မေ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမကဏ္ဍမှ မြို့နယ်အတွင်းရှိ လယ် (၈၇၀) ဧကအတွက် သွင်းအားစုဖိုး မတည်ရန်ပုံငွေ ကျပ်သိန်း (၁၇၄၀) ပေးအပ်ပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်လင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမ ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းအိဝင်းက ရေဖြူမြို့နယ်အတွင်း မိုးစပါး စိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက (၈၇၀) ဧက အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ပတ်သက်၍ မိုးစပါး စိုက်တောင်သူများအား လယ်(၁)ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းနှင့် ညီမျှသော သွင်းအားစု ဓာတ်မြေဩဇာများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ချေးငွေ ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ရေဖြူမြို့နယ်အတွင်း (ခ) ရပ်ကွက်ရှိ အလင်းရောင် သမဝါယမအသင်း၊ ဇီးကျကျေးရွာ၊ ကျောက္ကညာကျေးရွာ၊ ဖောင်းတောကျေးရွာ၊ ပုလဲကူကျေးရွာ၊ (က)ရပ်ကွက်ရှိ အသင်းသားတောင်သူ များအား စိုက်ပျိုးဧက(၈၇၀)ဧကအတွက် မတည်ငွေ(၁၇၄၀)သိန်းအား အခြေခံ သမဝါယမအသင်း၏ ဝိုင်းကြီးချုပ်အဖွဲ့အလိုက် ထုတ်ချေးပေးခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အခြေခံသမဝါယမအသင်းမှ အမှုဆောင်များ၊ အသင်းသား တောင်သူများ၊ သမဝါယမအသင်းစု အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခတ္တာ