ငပုတော ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း၌ လျှပ်စစ်မရရှိဘဲ ထင်းသုံးစွဲ နေရသည့် ကျေးရွာအုပ်စု ၆၅ အုပ်စုမှ အိမ်ထောင်စု ၅၄၀၀၀ ထံသို့ စွမ်းအားမြှင့် မီးဖိုများကို နှစ်ကြိမ်ခွဲ၍ အခမဲ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ငပုတောမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာန၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (KOICA) နှင့် ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ကျေးရွာများ၌ ထင်းသုံးစွဲမှုလျှော့ချရေး၊ သစ်တောပြုန်းတီးမှု ကာကွယ်ရေးနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချနိုင်ရေးအတွက် မီးဖိုများကို အခမဲ့ဖြန့်ဝေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပထမအကြိမ်အနေဖြင့် ကျေးရွာအုပ်စု ၃၆ အုပ်စုရှိ အိမ်ထောင်စု ၂၇၀၀၀ အတွက် မီးဖိုများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးစိန်သန်းနှင့် ဝန်ထမ်းများက ကျေးရွာအရောက် အခမဲ့ဖြန့်ဖြူးပေးလျက်ရှိပြီး ယမန်နေ့၊ ညနေ(၃) နာရီက အုန်းပင်စု ကျေးရွာရှိ အိမ်ထောင်စု ၆၀၀ အတွက် စွမ်းအားမြှင့်မီးဖို ၆၀၀ လုံး အား စိုက်ပျိုးရေး မြို့နယ် ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာနေပြည်သူများအား သုံးစွဲပုံ သုံးစွဲနည်းစနစ်၊ အကျိုးရှိပုံများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)