ကောင်းမွန်သော စိုက်ပျိုးရေးစနစ် (GAP) နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ

နောင်ချို  ဖေဖော်ဝါရီ  ၂၄

ကောင်းမွန်သော စိုက်ပျိုးရေးစနစ် GAP နည်းပညာပေး ဆွေးနွေးပွဲကို နောင်ချိုမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရှေးဦးစွာစိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်အေး ကအဖွင့်အမှာစကား ပြောကြားရာတွင် GAP ဆိုသည်မှာ မြေပြင်ချိန်မှ စားသုံးသူလက်ဝယ် ရောက်သည် အထိ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေသည့် ကူးစက်ညစ်ညမ်းမှုများ အနည်းဆုံးဖြစ်စေရန် လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း လမ်းညွှန်ဖြစ်ပါကြောင်း၊ ကောင်းမွန်သော စိုက်ပျိုးရေးစနစ်ဖြစ်စေရန် (၁) အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး၊ (၂) အာဟာရဓာတ် ပြည့်ဝရေး၊ (၃) ပတ်ဝန်းကျင်ထိန်းသိမ်းရေး (၄) လုပ်သားတို့၏ ကျန်းမာရေးနှင့် လူမှုဖူလုံရေးတို့သည် အရေးကြီး ပါကြောင်း၊ ကောင်းမွန်သော စိုက်ပျိုးရေးစနစ်ကို လိုက်နာကျင့်သုံးနိုင်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး နောင်ချိုမြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က GAP ဖြင့် စိုက်ပျိုးခြင်း နည်းပညာပေးဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြးခဲ့သည်။ ၎င်းနောက် နောင်ချိုမြို့နယ်မှ GAP အသိအမှတ်ပြု လက်မှတ်ရရှိသော KK (+) ခြံအား အသိအမှတ်ပြုလက်မှတ်ကို ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ကျောက်မဲခရိုင် သီးနှံကာကွယ်ရေးတာဝန်ခံနှင့် ပတ်သက်သည့် ပိုးမွှားရောဂါ အကြောင်း ကိုလည်းကောင်း၊ ကျောက်မဲခရိုင် ဦးစီးမှူးနှင့် ရုံးမှဦးစီးမှူး ဒေါ်ကြူကြူလှိုင်မှ စိုက်ပျိုးခြင်း နည်းပညာများကိုလည်းကောင်း ဆွေးနွေးခဲ့သည်။ ၎င်းနောက် တက်ရောက်လာသော တောင်သူများအား GAP မှတ်တမ်းစာအုပ်များပေးအပ်ခဲ့သည်။  GAP အသိအမှတ်ပြု လက်မှတ်ရရှိနိုင်ရန် အဆင့်ဆင့် လျှောက်ထားနိုင်ကြောင်းနှင့် Online မှလည်း လျှောက်ထားနိုင်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနည်း GAP စနစ်ကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်း၍ အရည်အသွေး ပြည့်ဝကောင်းမွန်ပြီး အာဟာရကြွယ်ဝသော သီးနှံများ စားသုံးနိုင်မည်ဖြစ်ပြီး ထုတ်လုပ် တင်ပို့ရောင်းချ သူများအနေဖြင့် အာမခံချက်ရှိရှိ ပြည်တွင်း ဈေးကွက်များနှင့်  ပြည်ပဈေးကွက်များသို့ ပိုမိုတင်ပို့ ရောင်းချနိုင်ပြီး တောင်သူများ ဝင်ငွေတိုးတတ်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

GAP နည်းပညာပေး ဆွေးနွေးပွဲသို့ သံဘိုကျေးရွာ၊ ဇီးဖြူရေကျေးရွာ၊ သုံးဆယ်ကျေးရွာ၊ ကံ့ကော်ကျေးရွာ၊ နောင်ချိုမြို့ပေါ်ရှိ တောင်သူကြီးများ တက်ရောက်ခဲ့ကြပြီး ယခုဆွေးနွေးပွဲသည် ကနဦးဆွေးနွေးခြင်း ဖြစ်ပြီး နောင်ချိုမြို့နယ်အတွင်းရှိ တောင်သူများအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ်(နောင်ချို)