မဟာအောင်မြေမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်မြောက် ထောက်ပံ့ကြေးများ ပေးအပ်

မန္တလေး၊နိုဝင်ဘာ ၁၂

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်းအခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ်မြောက် အိမ်ထောင်စု တစ်စုလျှင် (၂၀၀၀၀)ကျပ်နှုန်းနှင့် Stay at Home သတ်မှတ်ထားသည့် မြို့နယ်ဖြစ်သဖြင့် ကျပ်(၂၀၀၀၀) စုစုပေါင်း အိမ်ထောင်စုတစ်စုလျှင် ကျပ်(၄၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မဟာအောင်မြေမြို့နယ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော် အောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းတို့က  နိုင်ငံတော်မှ ထောက်ပံ့သော အိမ်ထောင်စုများအား ထောက်ပံ့ပေး အပ်ရခြင်းတို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၂၈၂၈၁)အိမ်ထောင်စု အတွက် အိမ်ထောင်စုတစ်စုလျှင် (၂၀၀၀၀)ကျပ်နှုန်းနှင့် Stay at Home သတ်မှတ်ထားသည့်မြို့နယ်ဖြစ်သဖြင့် ကျပ်(၂၀၀၀၀) စုစုပေါင်း အိမ်ထောင်စုတစ်စုလျှင် ကျပ်(၄၀၀၀၀)နှုန်းဖြင့် ကျပ်သိန်းပေါင်း (၁၁၅၀၀)ကျော်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ပြီး အခြေခံလူတန်းစားများ လက်ဝယ်အရောက် အမြန်ဆုံးပေးအပ်ခဲ့သည်။

မဟာအောင်မြေမြို့နယ်တွင် ရပ်ကွက် (၁၈)ကွက် အိမ်ထောင်စု (၄၁၂၀၀)ကျော်ရှိသည့်အနက် အိမ်ထောင်စု (၂၈၂၈၁)စုကို ထောက်ပံ့ပေးအပ်နိုင်သည့်အတွက် ရာခိုင်နှုန်း (၇၀)နီးပါးရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်