ပုလော နို၀င်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ရပ်ကွက် /ကျေးရွာ အုပ်စုများရှိ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်၀င်ငွေမရှိသော အခြေခံအိမ်ထောင်စုများအား စတုတ္ထအကြိမ် ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပုလောမြို့နယ် ကမ်းရိုးတန်း ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီး ရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ပြီး၊ ငွေများကို ဖြတ်တောက်ခြင်းမပြုဘဲ ချက်ခြင်းပြန်လည် ဖြန့်ဝေပေးနိုင်ရေး ဌာနဆိုင်ရာ တာ၀န်ရှိသူက ကြီးကြပ်ဆောင်ရွက်ပေးရန် ဆွေးနွေး မှာကြားခဲ့သည်။
ပုလောမြို့နယ်တွင် ရပ်ကွက် (၁၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၇) အုပ်စု စုစုပေါင်း (၄၀)တွင် အခြေခံ အိမ်ထောင်စု (၁၃၀၃၄) စုအတွက် အိမ်ထောင်စု တစ်စုလျှင် (၂) သောင်းကျပ်နှုန်းဖြင့် ငွေကျပ် (၂၆၀၆၈၀၀၀၀/−) ကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက တာ၀န်ရှိသူများကို လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)