ပန်နန်းဒင် နို၀င်ဘာ ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်ဒေသတွင် စက်တင်ဘာလ ၂၃ ရက်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် တောင်ကျချောင်းများ မြင့်တက်လာကာ လမ်းများချောင်းရေတိုက်စားခြင်း၊ တောင်ပြို ကျခြင်းတို့ကြောင့် လမ်းများပိတ်ဆို့ကာ လမ်းပိုင်း (၂၇) နေရာခန့်ပျက်စီးသွားပြီး ထိုလမ်းပေါ်ရှိ တံတားနှစ်စင်း မှာလည်း ရေမျောပါသွားခဲ့ပါသည်။
ယင်းပျက်စီးသွားသည့် နေရာမှာ နောင်မွန်မြို့နယ်နှင့် ပန်နန်းဒင်မြို့သို့ ဆက်သွယ်ထားသော လမ်းပေါ်ရှိ လမ်းပိုင်းနေရာများဖြစ်ကြောင်း ပန်နန်းဒင်မြို့လမ်းဦးစီးဌာန အင်ဂျင်နီယာ ဦးဇော်ရာဆင် ထံမှ သိရသည်။
အဆိုပါ တောင်ပြိုကျမှုများ၊ လမ်းများရေတိုက်စား ပျက်စီးသွားမှုများကြောင့် ပျက်စီးသွားသော လမ်းပိုင်း နေရာများကို ဘက်ဟိုးယာဉ်တစ်စီးနှင့် လူအင်အားအသုံးပြုကာ ပြုပြင်ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ပြီး မျောပါ ပျက်စီးသွားသည့်တံတားများကို ပန်နန်းဒင်မြို့ လမ်းဦးစီးဌာနမှအင်ဂျင်နီယာ ဦးဇော်ရာဆင်နှင့် အဖွဲ့များ၊ ဦးနောဒီး တံတားဆောက်လုပ်ရေးအဖွဲ့ (၇) ဦးတို့က စက်တင်ဘာလ နောက်ဆုံးပတ်မှ စတင်ကာ ပျက်စီးသွားသည့် လမ်းများနှင့် တံတားများကို ပြန်လည်ဆောက်လုပ်ခြင်းနှင့် ပြိုကျပျက်စီးသွားသည့် လမ်းပိုင်းနေရာများကို ပြုပြင်ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာ နို၀င်ဘာလ ပထမပတ်တွင် ပြုပြင်ရှင်းလင်းမှုများ ပြီးစီးကာယခုအခါ ပုံမှန်အတိုင်းသွားလာနိုင်ပြီ ဖြစ်ကြောင်း အင်ဂျင်နီယာ ဦးဇော်ရာဆင်ထံမှ သိရသည်။
သတင်း-နောယော်ဘော်(ပြန်/ဆက်)