ရေကြည် ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသော သမိုင်းဝင်စေတီတစ်ဆူဖြစ်တော်မူသော ဒီပါရုံစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြက်နားတော်နှင့် ရွှေထီးတော်အား(၅)နှစ်တစ်ကြိမ် အသစ်တင်လှူပွဲကို ယမန်နေ့နံနက် (၉) နာရီ (၉) မိနစ် (၉) စက္ကန့်အချိန်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ် ဘုရားကန့်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး စင်္ကြာ သာသနာပြု ရွှေထီးတော်တင်အဖွဲ့မှ အောင်စည်အောင်မောင်းအောင်ငွေခရု သုံးကြိမ်တီးမှုတ် ပူဇော်ကန်တော့ခဲ့သည်။ ဆက်လက်၍ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ထံမှ အလှူဒါယကာ၊ ဒါယိကာမ ဧည့်ပရိတ်သတ် အပေါင်းတို့က ငါးပါးသီလ ဆောက်တည်ပြီး ဆရာတော်၊ သဃာတော် အရှင်သူမြတ်တို့ထံ စိန်ဖူးတော်၊ ငှက်မြက်နားတော်နှင့် ရွှေထီးတော် ဘုံဆင့်များ၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ရေ၊ ပရိတ်ပန်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် နမောတဿ (၃)ကြိမ် ရွတ်ဆိုကာ သမိုင်းဝင်ဒီပါရုံ စေတီတော်မြတ်ကြီးအား ထီးတော်တင်လှူခြင်း အဆင့်ဆင့်အား ပန်းရထားဖြင့် ပင့်ဆောင်ပူဇော်ရန် အလှူရှင် ဒါယကာ၊ ဒါယိကာမ ဧည့်ပရိတ်သတ်အပေါင်းတို့က ပင့်ဆောင်ပူဇော်ရာ ဒေဝါဝင်း၊ ရာဇာမင်းအဖွဲ့ နတ်မင်းကြီးများမှ ထီးဖြူတော်မိုးကာ အခြွေအရံများစွာဖြင့် စကြာပန်းရထားပေါ်သို့ ရွှေထီးတော် ပင့်ဆောင်ကာ ရွှေထီးတော် တင်လှူပူဇော်ခြင်း၊ ငှက်မြတ်နားတော် တင်လှူ ပူဇော်ခြင်း၊ စိန်ဖူးတော် တင်လှူပူဇော်ခဲ့ကြသည်။
အဆိုပါဘုရားထီးတော်တင် အခမ်းအနားအား စိရံတိဌတုသုံးကြိမ်ရွတ်ဆိုကာ သမိုင်းဝင် ဒီပါရုံစေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ ငှက်မြတ်နားတာ်နှင့် စိန်ဖူးတော်၊ တင်လှူ ပူဇော်ပွဲအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
အောင်သူဟန် (ပြန်/ဆက်)