တောင်သာမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

တောင်သာ နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား  အိမ်ထောင်စုများအား နိုင်ငံတော်မှ  စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ပေးအပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ကြီးကြပ်မည့် ဌာနဆိုင်ရာတာဝန်ရှိသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က ပေးအပ်ခဲ့သည်။

တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာ(၇၇)ရွာ၊ စုစုပေါင်းရပ်ကွက်၊ ကျေးရွာအုပ်စု(၈၃)အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၃၄၆၀၃) အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၆၉၂၀၆၀၀၀၀) ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ကြီးကြပ်မည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပြည်သူများ ထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)