ဇေယျာသီရိ နိုဝင်ဘာလ ၁၂
ပြည်ထောင်စုနယ်မြေ၊နေပြည်တော်ဇေယျာသီရိမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်း စား အိမ်ထောင်စုများသို့ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို လက်ဝယ် အရောက် ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
အခမ်းအနားတွင် ဇေယျာသီရိမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်က သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်မှ ကိုဗစ်ကာလ စီးပွားရေး သက်သာ စေရေးအတွက် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု မိသားစုဝင် များအား ထောက်ပံ့ ပေးအပ် ရာတွင် တိကျမှန်ကန်စေရေးနှင့် ပြည်သူများလက်ဝယ်ရောက်ရှိရေး ဆောင်ရွက်ပေး ရန်ပြောကြား ခဲ့သည်။
ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တစ်အိမ်ထောင်လျှင် (၂၀၀၀၀/-) နှုန်းဖြင့် အိမ်ထောင်စု ပေါင်း(၁၇၁၂၈)စုအတွက် ထောက်ပံ့ငွေ (၃၄၂၅၆၀၀၀၀) ကျပ်အား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ လွှဲပြောင်းပေးအပ်ခဲ့ သည်။
အဆိုပါထောက်ပံ့ငွေကို နိုဝင်ဘာလ ၁၁ ရက်မွန်းလွဲပိုင်းတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး များထံပေးအပ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့မှစတင်ကာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ၃ ရက်အတွင်း ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စု များထံသို့ ကွင်းဆင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အေးလင်းထွန်း(ဇေယျာသီရိပြန်/ဆက်)