ထားဝယ် ဇွန် ၄
တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဥပဒေအသိပညာပေး သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ် လိုအပ်သော အရာတစ်ခုဖြစ်သည့်အပြင် နိုင်ငံအတွင်း နေထိုင်ကြသော နိုင်ငံသားများ၊ ပြည်သူ များမဖြစ်မနေ သိရှိလိုက်နာစောင့်ထိန်း ကြရမည့်သတ်မှတ်ပြဋ္ဌာန်းချက်များဖြစ်ကြောင်း၊ မိမိတို့နိုင်ငံကို စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကို နိုင်ငံသားတိုင်းသိရှိ နားလည်လိုက်နာရန်လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာ သင်ကြားပေးနိုင်ရေးနှင့် ဥပဒေအသိ ပညာပေးရေးဟာ အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်သည့်အတွက် လူတိုင်းအနေဖြင့် ဥပဒေပညာရှင် မဖြစ်နိုင်သော်လည်း ဥပဒေကိုသိရှိနားလည်မှသာ လူမှုဘဝများတွင် အသုံးချနိုင်မှာဖြစ်ကြောင်း၊ ထို့အပြင်နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူမှုစီးပွားဘဝ တိုးတက်ရေးတို့အတွက် ဥပဒေအသိပညာရရှိကြရန် လိုအပ်ကြောင်း၊ သင်တန်းကာလအတွင်း သင်တန်းသားများအနေဖြင့် သင်ကြားပို့ချချက်များကို မှတ်သားလေ့လာပြီး မိမိတို့၏ရင်သွေး ကျောင်းသား၊ ကျောင်းသူများကို လက်ဆင့်ကမ်းပို့ချရမှာဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများသည် ကျောင်းပညာရေးအပြင် အမျိုးသားရေး စိတ်ဓာတ်နှင့် လူမှုရေးစိတ်ဓာတ် အခြေခံကောင်းများကို ရရှိမှာဖြစ်ပြီး စည်းကမ်းကို လေးစားတန်ဖိုးထားတတ်သည့် နိုင်ငံသားကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနက ပေးပို့သော Video Clip အား ပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းက ဥပဒေအသိပညာပေးခြင်းနှင့် ပတ်သက်၍ သင်တန်းသားဆရာ၊ ဆရာမများအား သင်ကြားပို့ချပေးခဲ့သည်။
သင်တန်းတွင် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ တာဝန်ရှိသူများက သင်တန်းသား ဆရာ၊ ဆရာမများအား ရာဇသတ်ကြီး၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေစသည်တို့ကို ဇွန် ၈ ရက်နေ့အထိ ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သိရ သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)