ဒက္ခိဏသီရိမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား နိုင်ငံတော်မှ စတုတ္ထအကြိမ်အဖြစ် ထောက်ပံ့ငွေများ ပေးအပ်

ဒက္ခိဏသီရိ      နိုဝင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ထပ်မံပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေပိုင်း  ဒက္ခိဏသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဒက္ခိဏသီရိမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က ထောက်ပံ့ငွေများကို အခြေခံလူတန်းစားများထံ လက်ဝယ်အရောက် အမြန်ထုတ်ပေးသွားရန်၊ ထောက်ပံ့ငွေများကို ထုတ်ပေးရမည့်သူများကိုသာ ထုတ်ပေးရန်၊ စာရင်းမပါသူများကို ထုတ်မပေးရန်၊ စာရင်းတွင်ပါရှိသည့် တစ်အိမ်ထောင်စုကို ထောက်ပံ့ငွေကျပ် (၂၀၀၀၀)အတိအကျပေးရန်နှင့် လက်ခံရရှိကြောင်း အထောက်အထားယူထားရန်လိုအပ်ကြောင်း၊  ထောက်ပံ့ငွေပေးအပ်ရာတွင် လူစုလူဝေးမဖြစ်စေရေးအတွက် လုံခြုံရေးဂရုစိုက်ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထုတ်ပေးသွားရန် စသည်တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်အတွင်း ပုံမှန်၀င်ငွေမရှိသည့်အခြေခံလူတန်းစားအိမ်ထောင်စုများအား စတုတ္ထ အကြိမ် တစ်အိမ်ထောင်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)ဖြင့် အိမ်ထောင်စု (၇၆၇၀)အတွက် ထောက်ပံ့ ငွေကျပ်(၁၅၃,၄၀၀,၀၀၀)အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန် နှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသို့ လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ လက်ဝယ်အရောက် ထုတ်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)