ဝမ်းတွင်း ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီအချိန်က မြို့နယ်ပြည်သူ့ အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းနိုင်မှမြို့နယ်အတွင်း အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်နည်းပြ (နည်းစနစ်) ဦးမြတ်သီဟကျော်မှ အားကစားကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲတွင်ပထမဆုရရှိသည့် ဖြိုးဝေအသင်းအား ဒိုင်းဆုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမင်းထက်မှလည်းကောင်း၊ ပထမဆုငွေ (၁၀)သိန်းကျပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်မှလည်းကောင်း၊ ဒုတိယရရှိသည့် ရိုးစုံအသင်းအား မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်မြင့်ရွှေမှ ဆုငွေ(၅)သိန်းကျပ်နှင့် လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ဘောလုံးအဖွဲ့ချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပဆောင်ရွက်ခဲ့တာဖြစ်ပြီး အဆိုပါပြိုင်ပွဲတွင် ဘောလုံးအသင်း (၂၂)သင်းမှပါဝင်ယှဉ်ပြိုင်ခဲ့ ကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)