မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

မန္တလေး ဇွန် ၆

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ပူးပေါင်း၍ စာရေးဆရာကြည်မင်း‌ဝေ (ဆင်ကျွန်း)၏ တိမ်ရိပ်ခိုဘဝများစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆရာတော်တက္ကသိုလ်တေဇာလင်းက မုဒိတာစကားပြောကြားပြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာဖတ်ဝိုင်းများ လစဉ်ကျင်းပလျက်ရှိပါကြောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူတို့၏ ရွေးချယ်လာသော စာအုပ်စာပေများကို ဝိုင်းဝန်းဖတ်ရှုကြပြီး ရရှိလာသည့်အတွေးအခေါ်များကို ဖလှယ်ကြခြင်းဖြင့် စာပေဗဟုသုတများရရှိနိုင်ပါကြောင်း၊  မိမိ၏အားလပ်ချိန်များကို စာပေဗဟုသုတ ရှာဖွေဖတ်ရှုထားခြင်းဖြင့် အမှား၊ အမှန်ဝေဖန်ပိုင်းခြားနိုင်ပါကြောင်း အစရှိသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်ကြီးတံခွန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာချမ်းမြေ့အေးက သုတစာပေ၊ ရသစာပေများ၏ အကျိုးကျေးဇူးများအကြောင်း၊ စာရေးဆရာကြည်မင်းဝေက တိမ်ရိပ်ခိုဘဝများ ဝတ္ထုဇာတ်လမ်းဇာတ်အိမ်များအကြောင်း၊ စာရေးဆရာဇင်မင်းထက်က စာအုပ်စာပေဖန်တီးမှုနှင့် စာပေဖတ်ရှုမှုမြှင့်တင်ရေးအကြောင်း၊ စာပေ၏ အသိပေးရည်ရွယ်ချက်နှင့် စေတနာပါသည့် ရည်ရွယ်ချက်များအကြောင်း၊ စာပေဝါသနာရှင်မမြမြရီက ရသစာပေ၏ အနှစ်သာရအကြောင်းတို့ကို သုံးသပ်ဆွေးနွေးကြပြီး အပြန်အလှန်ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။

စာဖတ်ဝိုင်းအပြီးတွင် ဆရာတော်တက္ကသိုလ်တေဇာလင်းက ခရိုင်ရုံးစာကြည့်တိုက်အတွက် ပဉ္ဓပဏ္ဍာသငါးညီနောင်စာအုပ်အားလည်းကောင်း၊ ဆရာကြည်မင်းဝေက ကိုယ်တိုင်ရေးဝတ္ထုစာအုပ်များအားလည်းကောင်း၊ ဆရာဇင်မင်းထက်က ဝတ္ထုတိုပေါင်းချုပ်စာအုပ်အားလည်းကောင်း အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)