ငါန်းဇွန် ဖေဖော်ဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် တောင်လယ်တောကျေးရွာအုပ်စု တောင်လယ်တော ကျေးရွာနှင့် ရွာသစ်ကျေးရွာအုပ်စု ဘုရားထူးကျေးရွာတို့၌ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် တည်ဆောက်သည့် ကျေးလက်ကျန်းမာရေး ဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သဲစုဝေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဝင်းမောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ထွန်းထွန်းစိုးနှင့် ဦးဆန်းဝင်း (Third Party) တို့သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်က တောင်လယ်တောကျေးရွာ၌လည်းကောင်း၊ နေ့လည် ၂ နာရီခွဲအချိန်က ဘုရားထူး ကျေးရွာ၌လည်းကောင်း အဆိုပါ ကျေးရွာနှစ်ရွာတွင် တည်ဆောက်သည့် ကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ ၉၅% ဆောက်လုပ်ပြီးစီးမှု အခြေအနေအား သတ်မှတ် စံချိန် စံညွှန်းနှင့်အညီ ကိုက်ညီမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးရာ တာဝန်ယူ တည်ဆောက်လျက် ရှိသည့် Hight Sweet Co.,Ltd မှ တာဝန်ခံအင်ဂျင်နီယာများက ကျေးလက်ကျန်းမာရေး ဌာခွဲနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးမှု အခြေအနေအား လှည့်လည်ရှင်းလင်းပြသပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အဆောက်အဦများမှာ ကျေးလက်ကျန်းမာရေးဌာနခွဲ (အလျား-၄၁ပေ၊ အနံ-ပေ၃၀၊ အမြင့်-၁၂ပေ)RC တစ်ထပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာမှာ (အလျား -၃၈ပေ၊ အနံ-၂၅ပေ၊ အမြင့်-၁၂ပေ) RC တစ်ထပ်ဆောင်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)