ကလိန်အောင်မြို့၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေးအတွက် မိုးရာသီစု‌ပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

ကလိန်အောင် ဇွန် ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်‌စေရေးအတွက် ရည်ရွယ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ကလိန်အောင်မြို့ သစ်တောဦးစီးဌာနမှ တာဝန်ခံဘိနယ် တောအုပ် ထက်လင်းဦး၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ ဦးစီးအရာရှိ ဦးချမ်းငြိမ်းနှင့် တာဝန်ရှိသူ များက စိုက်ပျိုးမည့် ပျိုးပင်များကို တက်ရောက်လာကြသော နယ်မြေရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် အောင်စိုးနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများထံ ဖြန့်ဝေ ပေးအပ်ကြပြီး သတ်မှတ်ထားသည့်နေရာ အသီးသီးများ၌ ပျိုးပင်များကို စနစ်တကျ စုပေါင်း၍ စိုက်ပျိုးကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးရာတွင် သစ်တောဦးစီးဌာမှ သစ်ပင်စိုက်ပျိုးခြင်းသည် ထာဝရကုသိုလ် ပြုခြင်း၊ သစ်ပင်ရှင်သန်ကြီးထွား၍ အရိပ်ရသောအခါ လူပေါင်းများစွာ နားခိုနိုင်သကဲ့သို့ ငှက်ပေါင်းများစွာလည်း နေထိုင်နိုင်ကြခြင်း၊ သဘာပတ်ဝန်းကျင်စိမ်းလန်းစိုပြည်‌စေရန်၊ သစ်ပင် စိုက်ပျိုးခြင်းသည် အရေးကြီးသည့်ပြန်လည် ထူထောင်ရေးလုပ်ငန်း တစ်ခုဖြစ်သည့်အတွက် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့် သစ်တောသစ်ပင်များ နေရာတွင် အစားထိုး စိုက်ပျိုးပြုစုထိန်းသိမ်းနိုင်စေရန်၊ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရန်၊ သစ်တော သယံဇာတများ ရေရှည်တည်တံ့စေရန်နှင့် သစ်ပင်စိုက်ပျိုးပွဲတော်များတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ပျဉ်းကတိုး(၂၀၀)ပင်၊ မဟော်ဂနီ (၁၀၀)ပင်၊ သင်္ကန်း (၁၀၀)ပင်၊ ခရေ(၅၀)ပင်၊ မန်ဂျန်ရှား(၅၀)ပင် စုစုပေါင်း(၅၀၀)ပင်တို့အား စိုက်ပျိုးကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)