သရက်ချောင်း ဇွန် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ မြို့နယ်အဆင့် ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံး ဆေးတိုက်ကျွေးခြင်း လုပ်ငန်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော ဦးတည်ချက် (၉) ရပ်၌ လူမှုရေးဦးတည်ချက်တွင်ပါဝင်သော တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်အတွင်း ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံး ဆေးတိုက်ကျွေးခြင်း လုပ်ငန်းကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများ အလိုက်ပူးပေါင်းပြီး ပြည်သူများအား ပညာပေးလုပ်ငန်းများနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်စေလိုကြောင်း စသည့်အကြောင်းအရာများဖြင့် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးက ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသူများအား ကျေးဇူးတင်စကားပြောကြားပြီး ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးလူအားလုံး ဆေးတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသူများက ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးလူအားလုံး ဆေးတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)