ကျိုင်းလပ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျိုင်းလပ် ဇွန် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအသင်းမှ (Book Club)အဖွဲ့ဝင် ဦးလှစိန် ဦးဆောင်၍ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသော “အမှန်တရားကို မြတ်နိုးသူ”စာအုပ်၌ပါရှိသော အမှန်တရားကို သိသူ၊ အမှန်တရားကို မြတ်နိုးတန်ဖိုးထားသူ၊ အမှန်တရားကို ကိုယ်တိုင်ကျင့်သုံး၍ ဝမ်းမြောက်ဂုဏ်ယူရသူတို့ မတူကြပုံတို့ကို ဦးဆောင်ဆွေးနွေးခဲ့ပြီး (Book Club)အဖွဲ့ဝင် ဦးစိုင်းခင်က “ပျော်ရွှင်ခြင်းလက်ဆောင်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဦးကျော်ဇင်က “မှန်းချက်နှင့်နှမ်းထွက်”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော စာပေဝါသနာရှင်များက စာအုပ်ပါအကြောင်းအရာများကို  အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံစာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြပြီး ပြည်သူများအနေဖြင့် စာအုပ်စာပေချစ်မြတ်နိုးခြင်း၊ စာပေဖတ်ရှု့လေ့လာခြင်း စသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်နှင့် အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ (Book Club) အဖွဲ့ဝင်များဖြင့် လစဉ် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

စန်းစန်းမြင့်( ပြန်/ဆက်)