ဒေးဒရဲ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှုး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာမ ဒေါက်တာမတင်ဝင်းရေးသားသည့် “ကိုယ်ပဲလူကြီး ကိုယ်ပဲကလေး” စာအုပ်ပါ “တာဝန်ယူတတ်ဖို့က အရေးကြီးတယ်” ဆောင်းပါးနှင့် “စိတ်ဆင်းရဲစရာ ပြဿနာကို အလုပ်နဲ့တွန်းထုတ်ပါ” ဆောင်းပါးကို စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် အလုပ်အကိုင်ကြီးကြီးမားမား လုပ်သောသူများအနေဖြင့် ပြဿနာအမျိုးမျိုးဖြင့် ရင်ဆိုင်ရပါကြောင်း၊ ပြဿနာငယ်တယ်ဆိုပြီး ကိုယ်စားဖြေရှင်းလို့ သင့်တော်ပါသော်လည်း သိက္ခာနှင့်ပတ်သက်သည့် ပြဿနာကို ကိုယ်တိုင်ဖြေရှင်းရမှာဖြစ်ပါကြောင်းနှင့် ပြဿနာပြေလည်အောင် စိတ်လည်းအေးချမ်းအောင် ကောင်းသောအလုပ်ကို လုပ်ဆောင်ရမှာဖြစ်ပါကြောင်း၊ သူများမသိသော ပြဿနာကို ကိုယ်ကသိနေသည့်အတွက် စိတ်ပူနေရမှာဖြစ်သောကြောင့် အပူစိတ်ကို အလုပ်ဖြင့်တွန်းထုတ်ရမှာဖြစ်ပါကြောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှု တိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Show များ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များငှားရမ်းခြင်းကို အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း