ထားဝယ် ဇွန် ၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ဖူဆယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာဗိုလ်လုပွဲသို့ တက်ရောက်လာသော ထားဝယ်မြို့နယ်အသင်းနှင့် ကော့သောင်းမြို့နယ်အသင်း တို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားသမားနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ ကော့သောင်းမြို့နယ်အသင်း (၄)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိ သည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ပွဲစဉ်တစ်လျှောက် ပါဝင်ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က ဒုတိယဆု ရရှိသည့် ထားဝယ်မြို့နယ် (အမျိုးသား) အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ဒုတိယဆုရရှိသည့် မြိတ်မြို့နယ် (အမျိုးသမီး) အသင်းအားလည်းကောင်း တစ်ဦးချင်းဆု နှင့် ငွေသားဆုပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ပထမဆုရရှိသည့် ကော့သောင်းမြို့နယ် (အမျိုးသား) အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ်က ပထမဆုရရှိသည့် သရက်ချောင်းမြို့နယ် (အမျိုးသမီး) အသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပထမဆုရရှိသည့် ကော့သောင်းမြို့နယ် (အမျိုးသား) အသင်းနှင့် သရက်ချောင်းမြို့နယ် (အမျိုးသမီး) အသင်အား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)