ဇမ္ဗူသီရိမြို့နယ်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကျင်းပ

ဇမ္ဗူသီရိ ဇွန် ၈

ပြည်ထောင်စုနယ်မြေ၊  နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာရှိ အလင်းရောင်နှစ်သွယ် စာကြည့်တိုက်၌ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နီလာစိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စာကြည့်တိုက်များဖောင်ဒေးရှင်းအတွင်းရေးမှူး၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ရမည့်အချက်များ၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားရေးအတွက် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စာကြည့်တိုက်များ ဖောင်ဒေးရှင်း အတွင်းရေးမှူးက ရပ်ကွက်ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ နေပြည်တော် စာကြည့်တိုက်များ ဖောင်ဒေးရှင်းအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ ယင်းနောက်အခမ်းအနားသို့ တက်ရောက်လာသည့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စာကြည့်တိုက်ကော်မတီဝင်များက ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် ညွန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်/စာစောင်များအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

အလားတူရှားတောကျေးရွာရှိ အတွေးသစ်စာကြည့်တိုက်နှင့် ဂုဏ်မင်းအင်းကျေးရွာရှိ အလင်းရောင်စာကြည့်တိုက်တို့တွင်လည်း စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)