ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်လှူဒါန်းပွဲနှင့် စာအုပ်စာစောင် ပြပွဲကျင်းပ

ကျောက်မဲ ဇွန် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ယနေ့နံနက် ၁၀ နာရီ အချိန်က စာအုပ်လှူဒါန်းပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက ကျောက်မဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ စာအုပ်များ ဖြည့်တင်းပေးနိုင်ရန်ရည်ရွယ်၍ စာအုပ်လှူဒါန်းပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများအဖွဲ့ အဖွဲ့ဝင်များနှင့် စာအုပ်အလှူရှင်များက စာအုပ်များကိုလှူဒါန်းပေးကြရာ အမှတ် ၁ ရပ်ကွက်ရှိ ဇော်မင်းမောင် စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဝင်များ၊ ပိန္နဲကုန်း‌ကျေးရွာ  စာကြည့်တိုက် ကြီးကြပ်မှု ကော်မတီဝင်များက စာအုပ်များကို လက်ခံရယူခဲ့သည်။

ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စာပေချစ်မြတ်နိုးသူများအဖွဲ့မှ အဖွဲ့ဝင်များနှင့် ‌ရပ်ကွက်၊ ကျေးရွာ စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဝင်များ၊ စာအုပ်အလှူရှင်များ၊ ဆရာ/ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ က ခင်းကျင်းပြသထားသည့် စာအုပ်/စာစောင်များ၊ နံရံကပ်စာစောင်များတို့ကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ စာအုပ်လှူဒါန်းပွဲတွင် သုတ/ရသ စာအုပ် ၅၀၀ အုပ်‌ကျော် အလှူခံရရှိခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)