တနင်္သာရီ ဇွန် ၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမအတွင်း ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က “သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ဆင်ခြေထောက်ရောဂါမှကင်းဝေးစေရန်” ရည်ရွယ်၍ ဆင်ခြေထောက်ရောဂါကင်းဝေးစေရေး လူအားလုံးဆေးတိုက်ကျွေးခြင်းလုပ်ငန်းဆိုင်ရာ အသိပေးရှင်းလင်းပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ မြို့အုပ်ချုပ်ရေးမှူးဦးကျော်သက်ထူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်မြတ်စုဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးဇင်ဦးချိုနှင့်တပ်ဖွဲ့ဝင်များ၊ ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပြည်သူ့ကျန်းမာရေးဌာနဆရာမများနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သက်ထူးက လူအားလုံးတစ်ချိန်တည်း ဆေးသောက်လိုက်ခြင်းအားဖြင့် လူ၏ခန္ဓာကိုယ်အတွင်းရှိသော ဆင်ခြေထောက်ရောဂါပိုးများ တစ်ပြိုင်တည်း လျော့နည်းသွားမည်ဖြစ်ပြီး ခြင်ကိုက်သော်လည်း တစ်ယောက်ကနေ နောက်တစ်ယောက်ကို မကူးစက်နိုင်တော့သဖြင့် ရပ်ကွက်/ကျေးရွာများရှိလူအားလုံး ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို ဆေးတိုက်အဖွဲ့များက လာရောက်တိုက်ကျွေးသည့်အခါ ဆေးသောက်ကြရန်လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားပေးသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ခံဒေါက်တာနွေးဟေမာသင်းက ဆင်ခြေထောက်ရောဂါအကြောင်း၊ ဆေးတိုက်ကျွေးခြင်း၏ရည်ရွယ်ချက်များ၊ (ကျန်းမာရေးဆရာမတစ်ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦး၊ မီးသတ်တစ်ဦး၊ အမျိုးသမီးရေးအဖွဲ့ဝင်တစ်ဦး၊ ရပ်/ကျေးမှတစ်ဦးနှင့် စေတနာ့ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးစီ)တို့ပါဝင်သည့် ဆေးတိုက်အဖွဲ့များဖွဲ့စည်း၍ ဇွန်လဒုတိယအပတ်အတွင်း သင်တန်းပို့ချပေးမည်ဖြစ်ပြီး အိမ်ခြေ ၅၀ လျှင် ဆေးတိုက်အဖွဲ့တစ်ဖွဲ့နှုန်းဖြင့် ဇွန်လ၏တတိယအပတ်တွင် ရပ်ကွက်/ကျေးရွာများအတွင်းသို့ တစ်အိမ်တက်ဆင်း လူကုန်ဆေးတိုက်ကျွေးမည့်အစီအစဉ်ကိုလည်းကောင်း၊ ဆေးတိုက်ကျွေးမည့် အသက်အုပ်စုနှင့် ဆေးမတိုက်ကျွေးရသူများ၊ ဆေးတိုက်ကျွေးရာ အထူးဂရုပြုလိုက်နာရမည့်အချက်များ၊ ဆင်ခြေထောက်ဆေးသောက်ခြင်း၏အကျိုးကျေးဇူးများနှင့် ဘေးထွက်ဆိုးကျိုးများကို Power Point ဖြင့် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)