တနင်္သာရီမြို့ မြို့ဦးပရိယတ္တိစာသင်တိုက်၌ (တတိယ)အကြိမ် နေ့ညအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ ကျင်းပ

တနင်္သာရီ ဇွန် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် မြို့ဦးပရိယတ္တိစာသင်တိုက် သာသနာ့ဟိတဓမ္မာရုံအတွင်း ၁၃၈၆ခုနှစ်၊ နယုန်လဆန်း(၂)ရက်၊ ဇွန်လ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်က (တတိယ)အကြိမ်၊ နေ့ညအသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ခန့်ညားထည်ဝါစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ ဇောတိက၊ ပင့်လျှာက်ထားသော ဆရာတော်/သံဃာတော်အရှင်သူမြတ် (၃၀)ပါး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့ဦးရပ်၊ ချောင်းကြီးရပ်နှင့် ချောင်းငယ်ရပ်တို့မှ အရပ်လူကြီးများ၊ မြို့ဦးရပ်ဟိတကာရီကုမ္မာရီ အဘိဓမ္မာဝတ်ရွတ်အဖွဲ့များ၊ စေတနာရှင်၊ အလှူရှင်များ၊ လူပရိတ်သတ်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များနှင့် လူပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ် သံပြိုင်ရွတ်ဆိုကြ၍ ပဋ္ဌာန်းဖယောင်းတိုင် ၅ တိုင်ကို အရပ်လူကြီးများက ဆီမီးထွန်းညှိပေးကြကာ ပဋ္ဌာန်းဖွင့်ပွဲအခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် အရှင်ပညိန္ဒက ဘုရားပင့်ပေးပြီး ပဋ္ဌာန်းအဋ္ဌကထာ ပဏမဂါထာဖြင့် ပဋ္ဌာန်းကျမ်းတော်ကို လုံးခရမ်းဓမ္မရိပ်သာကျောင်းတိုက်မှ အရှင်စန္ဒာဝရက ဂါရဝပူဇာမင်္ဂလာ ပူဇော်ပေးသည်။

ဆက်လက်၍ ချောင်းကြီးကျောက်တိုက် ဦးစီးပဓာန ဆရာတော် အရှင်ပဏ္ဏိစက လူပရိတ်သတ်အပေါင်းအား ငါးပါးသီလနှင့် ပဋ္ဌာန်းအကြောင်းကို သြဝါဒချီးမြှင့်ပေးတော်မူခဲ့သည်။

ထို့နောက် ပဋ္ဌာန်းတရားနာကြားရန် နတ်ဗြဟ္မာများကို ဟိတကာရီကုမ္မာရီ အဘိဓမ္မာဝတ်အဖွဲ့က ဖိတ်ကြားပေးကြပြီး သဘော့လိပ်ကျောင်းတိုက်ဆရာတော် အရှင်တေဇောဘာသက ပဋ္ဌာန်းဒေသနာ ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းနှိုးဆော်လွှာ(ပဋ္ဌာန်းအမွှမ်း)ကို ဖတ်ကြားပူဇော်ပေးကြောင်း သိရသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ဆရာတော်/သံဃာတော်များနှင့် လူပရိတ်သတ်အပေါင်းတို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသကို သံပြိုင်ရွတ်ဆိုပူဇော်ကြပြီး အလှည့်ကျ ဆရာတော်/သံဃာတော် ၃၀ ပါးတို့က ဇွန်လ ၈ ရက်မှ ၁၂ ရက်အထိ ၅ ရက်၊ ၅ ညတိုင်တိုင် နေ့ညအသံ မစဲမဟာပဋ္ဌာန်းမြတ်ကို ရွတ်ပွားပူဇော်ကြမည်ဖြစ်ကြောင်း မြို့ဦးပရိယတ္တိစာသင်တိုက် အကျိုးတော်ဆောင်များအဖွဲ့ထံမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)