တနင်္သာရီမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း ဆောင်ရွက်

တနင်္သာရီ ဇွန် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ မိုးဦးကျကာအတွင်း ခြင်မှတစ်ဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဆိုးမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လန်းများမပေါက်ဖွားစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက ယနေ့နံနက် ၇ နာရီခွဲအချိန်မှစ၍ မြို့မရဲစခန်းဝင်း၊ အ.ထ.က တနင်္သာရီကျောင်းဝင်းအတွင်းနှင့် ချောင်းကြီးရပ်ကွက်အတွင်း ရေကန်/ရေပုံး/ရေတိုင်ကီများအတွင်းသို့ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို တစ်အိမ်တက် တစ်အိမ်ဆင်းဖြင့် လိုက်လံဆောင်ရွက်ပေးကြကြောင်း သိရသည်။

အဆိုပါ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နွေးဟေမာသင်းနှင့် ဆရာမများ၊ ရုံးအဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် မီးသတ်ဦးစီးဌာနမှ တပ်အဖွဲ့ဝင်များ စုစုပေါင်း ၃၅ ဦးတို့က မြို့မရဲစခန်းဝင်း၊ အ.ထ.က-တနင်္သာရီကျောင်းဝင်းအတွင်းရှိ အများသုံး ရေကန်ကြီးများ/ရေတိုင်ကီများနှင့် ရေပုံးများအတွင်းသို့ ပိုးလောက်လန်းသေဆေး(အဘိတ်ဆေး)များကို စုပေါင်း၍ လိုက်လံခတ်ပေးကြကြောင်း သိရှိရသည်။

ထို့နောက် ဆေးခတ်အဖွဲ့များခွဲကာ  ချောင်းကြီးရပ်ကွက်အတွင်း  လမ်းအသီးသီးရှိ  အိမ်ခြေ (၆၃၀) ကျော်၏ ရေကန်/ရေပုံး/ရေတိုင်ကီများအတွင်းသို့ အဘိတ်ဆေးများခတ်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံဆောင်ရွက်ပေးကြပြီး ပိုးလောက်လန်းမှတစ်ဆင့် ခြင်မပေါက်ပွားစေရေးအတွက် အိမ်ရှင်များကိုလည်း အသိပညာပေးကြကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)