ဖားဆောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း  စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ဖားဆောင်း နိုဝင်ဘာ  ၁၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စု များအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းထွေးသူ အမှာစကားပြော ကြားရာတွင် ပြည်ထောင်စုအစိုးရ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလတွင် စားဝတ်နေရေးခက်ခဲနေသော အခြေခံလူတန်းစားများကို စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်ကြောင်းပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးမှ ကယား ပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ကလည်း မိမိတို့ ရပ်ကွက်ကျေးရွာတွင် အမှန်တကယ် နေထိုင်သော ပြည်သူလူထုလက်ထဲ ရောက်ရှိအောင် ပေးအပ်ဖို့ မှာကြားထားပါကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် (၂၀၀၀၀)ကျပ်နှုန်း ပေးအပ်ရာတွင် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး များအနေဖြင့် မိမိတို့လက်ထဲတွင် ကြန့်ကြာမှုမရှိစေဘဲ ပြည်သူလူထုမှ သံသယကင်းအောင် အမြန်ဆုံးပေးပို့ ဆောင်ရွက်သွားရန်နှင့် လက်ရှိ ကောက်ယူထားသော စာရင်းဇယားများကိုသေချာစိစစ်ပြီး ပေးအပ်ကြရန် ပြောကြားခဲ့ သည်။

ဆက်လက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က သက်ဆိုင်ရာ ရပ်ကွက် (၂)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၈)အုပ်စု၏အုပ်ချုပ်ရေးမှူးများထံ  အိမ်ထောင်စုပေါင်း (၁,၁၃၆)စုအတွက် ထောက်ပံ့ငွေကျပ်(၂၂,၇၂၀,၀၀၀)ကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)