သရက်ချောင်းမြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း ဖုံး-သွန်-လဲ-စစ်‌ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်းများဆောင်ရွက်

သရက်ချောင်း ဇွန် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မိုးဦးကျကာလအတွင်း ခြင်မှတစ်ဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပိုးလောက်လမ်းများ မပေါက်ဖွားစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များသို့ တစ်အိမ်တက်ဆင်း၍ ရေကန်၊ ရေပုံး၊ ရေတိုင်ကီများအတွင်းသို့ အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး-သွန်-လဲ-စစ်လုပ်ငန်းများကို လိုက်လံဆောင်ရွက်ပေးခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းအောင်ကျော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဦးဇော်လွင်နှင့် ဆရာ/ဆရာမများ၊ တာဝန်ရှိသူများက မြို့မရဲစခန်းဝင်းနှင့်မြို့နယ်လူမှုဝန်ထမ်း မူလတန်းကြိုကျောင်းဝင်းအတွင်းရှိ အများသုံး ရေကန်ကြီးများ/ရေတိုင်ကီများနှင့် ရေပုံးများအတွင်းသို့ ပိုးလောက်လမ်းသေဆေး(အဘိတ်ဆေး)များကို စုပေါင်း၍ လိုက်လံခတ်ပေးခဲ့ပြီး အဆိုပါအဘိတ်ဆေးများကို မြို့ပေါ်ရပ်ကွက် လူနေအိမ်များရှိ ရေကန်၊ ရေပုံး၊ ရေအိုးများတွင်လည်း လိုက်လံခတ်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ရှိသူထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)