ပန်နန်းဒင် နို၀င်ဘာ ၁၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့၊ မြို့အဝင်ရှိ နမ့်တမိုင်ချောင်း လူကူးကြိုးတံတားမှာ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် တောင်ကျချောင်းရေများ မြင့်တက်လာကာ စက်တင်ဘာ (၂၃)ရက် ညတွင် မျောပါပျက်စီးသွားခဲ့သည်။
အဆိုပါနမ့်တမိုင် လူကူးကြိုးတံတားကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော် ကိုယ်စားလှယ် များနှင့် ဒေသခံများ၏ တင်ပြတောင်းဆိုမှုအရ ဆောက်လုပ်ပေးထားခြင်း ဖြစ်ပြီး အရှည်ပေ(၃၆၀)ပေ၊ အကျယ်(၆)ပေခန့်ရှိ ပျဉ်ခင်းလူကူးကြိုးတံတားအမျိုးအစားဖြစ်သည်။
အဆိုပါမျောပါပျက်စီးသွားသည့် ကြိုးတံတားကို စက်တင်ဘာလ နောက်ဆုံးပတ်မှလမ်းဦးစီးဌာနက ပျဉ်ခင်းကြိုးတံတားသစ်ပြန်လည် ဆောက်လုပ်လျက်ရှိရာ ယခုအခါ (၉၅)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်၍ လူနှင့်ဆိုင်ကယ်များ ယာယီဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ပန်နန်းဒင်မြို့ လမ်းဦးစီးဌာန အင်ဂျင်နီယာ ဦးဇော်ရာဆင် ထံမှသိရသည်။
ထိုနမ့်တမိုင်ချောင်းကူးကြိုးတံတားမှာ ယခုတွင် ဆိုင်ကယ်နှင့်လူများသာ တံတားပေါ်မှ ဖြတ်သန်း သွားလာနိုင်ပြီး ကားသေးများမှာ ပန်နန်းဒင်တစ်ဘက်ကမ်းထိသာ သွားလာနိုင်သောကြောင့် ပန်နန်းဒင် မြို့ဘက်ကမ်းထိ ကားသေးများဖြတ်သန်းသွားလာနိုင်သော ကြိုးတံတားသစ် ဆောက်လုပ် ပေးပါက ဒေသခံများအတွက် ပညာရေး၊ ကျန်းမာရေး စသော အဘက်ဘက်တွင် ဖွံ့ဖြိုးတိုးတက် လာမည်ဟု မျှော်လင့်ပါကြောင်း ဒေသခံ ဦးဖေရမ်နှင့်ဦးရမ်ဆားက ပြောသည်။
နောယော်ဘော်(ပြန်/ဆက်)