မတ္တရာမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

မတ္တရာ နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်း ပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အေးမှ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်မှ ရပ်ကွက်/ ကျေးရွာ အုပ်စု (၈၈)အုပ်စုမှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၅၂၁၈၉)စုအား စတုတ္ထအကြိမ်အဖြစ် အိမ်ထောင်တစ်စုလျှင် ငွေကျပ် (၂၀၀၀၀)ကျပ် နှုန်းဖြင့် နိုင်ငံတော်မှ ထောက်ပံ့ပေး အပ်ရခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ငွေများ ထုတ်ပေးရာတွင် လိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်း ကော်မတီဝင်များမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၅၂၁၈၉)စုအတွက် ထောက်ပံ့ငွေ ကျပ်(၁၀၄၃၇၈၀၀၀၀) အား ရပ်ကွက်/ကျေးရွာ အုပ်စု ထောက်ပံ့ရေးအဖွဲ့များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

အဆိုပါထောက်ပံ့ငွေများအား ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ၏ လက် ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)