သရက်ချောင်း ဇွန် ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ မြို့မရဲစခန်းမှ ဒု-ရဲအုပ်နန်းဝင်းက အသိပညာပေးဟောပြောရာတွင် မူးယစ်ဆေးဝါးအန္တရာယ်က တိုင်းပြည်၏အနာဂတ်ကို ကြီးမားတဲ့ ခြိမ်းခြောက်မှု အန္တရာယ်တစ်ခုဖြစ်တာကြောင့် ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ကို သိရှိနားလည် ရှောင်ရှားတတ်ရန်၊ မူးယစ်ဆေးသုံးရခြင်း အဓိကအကြောင်း အရင်းများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သော ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ရောင်းဝယ်ခြင်းပြုလုပ်ပါက အရေးယူခံရမည့် ဥပဒေ ပြစ်မှု/ပြစ်ဒဏ်များအကြောင်းရှင်းလင်းခြင်း၊ မူးယစ်ဆေးဝါးအသုံးချမှုများကို အမြစ်ပြတ်သည် အထိ တိုက်ဖျက်ရာတွင် ကျောင်းသား/သူများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းကူညီကြရန် ကျောင်းသား/သူများနှင့် အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကာအခမ်းအနားရုတ်သိမ်းလိုက်သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် ဉာဏ်စမ်းမေးခွန်းများကို ဖြေဆိုစေခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် နန်းဝင်းက နံရံကပ်စာစောင်ပါ အချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ကျောင်းသား/သူများ စာဖတ်ခြင်း အကျိုးကျေးဇူးများကို သိရှိနားလည်စေရန်ရှင်းလင်းဆွေးနွေးခြင်း၊ စာအုပ်/စာစောင်များလည်း ခင်းကျင်းပြသကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)