ဖလမ်း နိုဝင်ဘာ ၁၂
ကလေးမြို့မှ ချင်းပြည်နယ်သို့ တက်လာသည့် ဆေးလိပ်ကုမ္ပဏီ ဝန်ထမ်းနှစ်ဦးအား နိုဝင်ဘာ ၉ ရက် ညနေက ဖလမ်းမြို့ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးဂိတ်၌ စစ်ဆေးရာမှ ကုမ္ပဏီဝန်ထမ်း တစ်ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း ဖလမ်းမြို့နယ် ကျန်းမာရေးမှူးထံမှ သိရသည်။
ကလေးမြို့မှ ချင်းပြည်နယ်သို့ တက်လာသည့် ဆေးလိပ်ကုမ္ပဏီဝန်ထမ်းနှစ်ဦးသည် ဖလမ်းမြို့၊ ကျင်မွာလ် ရပ်ကွက်ရှိ ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ စစ်ဆေးရေးဂိတ်၌ ကျန်းမာရေး ဝန်ထမ်းများက Antigen Test Kit ဖြင့် စစ်ဆေးရာမှ အသက်(၃၀)အရွယ်ရှိ ကုမ္ပဏီဝန်ထမ်းတစ်ဦးတွင် ရောဂါပိုးတွေ့ရှိပြီး ကျန်ဝန်ထမ်းတစ်ဦးတွင် ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း သိရသည်။
ရောဂါပိုးတွေ့ရှိသည့် ကုမ္ပဏီဝန်ထမ်းသည် ဖလမ်းမြို့၊ ပြည်သူ့ဆေးရုံကြီး Isolation Ward ၌ ဆေးကုသမှု ခံယူလျက်ရှိ ရောဂါပိုးတွေ့ရှိခြင်း မရှိသည့် ကျန်ဝန်ထမ်းတစ်ဦးသည် ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေး သိပ္ပံကျောင်း၌ Facility Quarantine ဖြင့် အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
ဖလမ်းမြို့၌ အထူးရဲသင်တန်းသားတစ်ဦး၊ ပြည်ပပြန်နှစ်ဦး၊ ကျောင်းဆရာမတစ်ဦး စုစုပေါင်း(၄)ဦးတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ပြီး အဆိုပါ(၄)ဦးကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် နေအိမ်သို့ စေလွှတ်ခဲ့ပြီးဖြစ်ကာ ယခုအခါ ဖလမ်းမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦးသာ ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)